CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Sunday, May 13, 2012

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဧပြီလ ၂၄ရက်နေ့ နေ့လည် ၁နာရီ၊ အိုရီယမ်တယ်ဟောက်စ်တွင် ကျင်းပပြုလုပ်မည့် ဒီမိုကရေစီမြတ်နိုးသူ မိဘပြည်သူများအား ဂုဏ်ပြုပွဲတွင် ဖျော်ဖြေရန်အတွက် မန္တလေးမှ အနုပညာရှင်များ ကြိုတင် အစမ်း လေ့ကျင် နေကြစဉ်

သတင်း နှင့် ဓာတ်ပုံ -  CJM-
မြို့၊ လ ရက်

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဧပြီလ ၂၄ရက်နေ့ နေ့လည် ၁နာရီ၊ အိုရီယမ်တယ်ဟောက်စ်တွင် ကျင်းပပြုလုပ်မည့် ဒီမိုကရေစီမြတ်နိုးသူ မိဘပြည်သူများအား ဂုဏ်ပြုပွဲတွင် ဖျော်ဖြေရန်အတွက် မန္တလေးမှ အနုပညာရှင်များ ကြိုတင် အစမ်းလေ့ကျင့် နေကြစဉ်...။






အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း မန္တလေးမှာ ပြန်ဖွဲ့ပြီ...

သတင်း နှင့် ဓာတ်ပုံ -  CJM-999
မန္တလေးမြို့၊ ဧပြီ ၂၃

အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း ဖြစ်မြောက်ရေးကော်မတီတစ်ရပ်ကို ဧပြီလ ၂၂ရက် နံနက်က မန္တလေးမြို့တွင် ဖွဲ့စည်းလိုက်ကြောင်း CJ Myanmar မှ သတင်းရရှိသည်။ အဆိုပါကော်မတီသည် လွန်ခဲ့သော နှစ်ပေါင်း (၇၀)၀န်းကျင်က စတင်၍ နှစ်ပေါင်းများစွာဖွဲ့စည်းတည်ရှိခဲ့သည့် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကို ပြန်လည်ဖော်ထုတ်ခြင်းဖြစ်ပြီး အထက်ဗမာနိုင်ငံစာရေးဆရာအသင်း၏ ရည်ရွယ်ချက်သဘောထားများကို ဆက်ခံကျင့်သုံးမည်ဟု ဆိုသည်။ အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းဖြစ်မြောက်ရေးကော်မတီသည် လွတ်လပ်သောစာပေမူဝါဒများကို ကျင့်သုံးပြီး မြန်မာပြည်သူလူထု၏ ဘ၀ကို ထင်ဟပ်သည့် စာပေများကို ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးဦးတည်ချက်များဖြင့် ဖော်ဆောင်မည့် မည်သည့်စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာနှင့် အဆိုပါပုဂ္ဂိုလ်များကို ကိုယ်စားပြုသော အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရှိရသည်။ ယခုဆက်လက်အကောင်အထည်ဖော်မည့် အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းအနေနှင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော စာပေ၊ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးကိစ္စများတွင် သဘောထားထုတ်ပြန်ရပ်တည်ခြင်း၊ ကာကွယ်ခြင်း၊ တောင်းဆိုခြင်းများ ပြုလုပ်ဆောင်ရွက်မည်ဖြစ်သကဲ့သို့ စာဆိုတော်နေ့ရောက်တိုင်း စာပေယဉ်ကျေးမှုနှင့်သက်ဆိုင်သော စာတမ်းဖတ်ပွဲများ၊ အခါအားလျော်စွာ ဟောပြောပွဲများ၊ စာအုပ်စာတမ်းထုတ်ဝေခြင်းများလည်း ဆောင်ရွက်မည်ဟုဆိုသည်။ အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းဖြစ်မြောက်ရေးကော်မတီကို ဥက္ကဌအဖြစ် ညီပုလေး၊ အဖွဲ့ဝင်များအဖြစ် ညီစေမင်း၊ သိုက်ထွန်းသက်၊ ညိုထွန်းလူ၊ ကိုရိုးကွန့်နှင့် အတွင်းရေးမှူးအဖြစ် ဆူးငှက်တို့ဖြင့် ဖွဲ့စည်းထားပြီး ကော်မတီအဖွဲ့ကို မန္တလေး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ လူထုကြီးပွားရေးစာအုပ်တိုက်တွင် ဆက်သွယ်ထားရှိသည်ဟု သိရသည်။ အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း၏ အမွေဆက်ခံထိန်းသိမ်းရာ ပင်မအထက်ဗမာနိုင်ငံစာရေးဆရာအသင်းကို ၁၉၄၄ခု ဇူလိုင်လ ၁၉ရက်နေ့က မန္တလေး၊ အာဠ၀ီ စီလမ်း၊ မန္တလေးသူရိယသတင်းစာတိုက်တွင် နာယကအဖြစ် စည်သူမောင်မောင်ကျော်၊ သာသနာရေးဝန်ကြီး ဦးချယ်၊ မန္တလေးသူရိယအယ်ဒီတာချုပ် ဦးခင်မောင်၊ ဦးကိုလေး (ဇေယျာမောင်)၊ အတွင်းရေးမှူး သူရိယဦးသန်းမောင်၊ အဖွဲ့ဝင် တိုင်းချစ်ဦးသိန်းဖေနှင့် အထူးအကြံပေးအဖြစ် မြမျိုးလွင်နှင့် ရွှေဥဒေါင်း တို့က ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံစာရေးဆရာအသင်း အထူးကိုယ်စားလှယ်အဖြစ် ကြီးပွားရေးဦးလှ (လူထုဦးလှ)က ဆောင်ရွက်ခဲ့သည်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းသည် ၁၉၇၂ခုနှစ်အထိ စာဆိုတော်လရာသီရောက်တိုင်း စာပေဆိုင်ရာပြဇာတ်များကပြခြင်း၊ စာတမ်းဖတ်ပွဲများကျင်းပခြင်း၊ လူထုလေ့လာရေးခရီးစဉ်များထွက်ရှိခြင်းများ ဆောင်ရွက်ခဲ့ရာ ပြဇာတ်(၅)ကြိမ်ထက်မနည်း ကပြခဲ့ပြီး စာတမ်းပေါင်း (၆၃)စောင်ထက်မနည်းလည်း ဖတ်ကြားခဲ့ကြောင်းသိရှိရသည်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းက နှစ်စဉ်စာဆိုတော်လရောက်တိုင်း အနောက်ကျုံးလမ်း ဓမ္မဗိမာန်တွင် ဖတ်ကြားခဲ့သော စာတမ်းများမှာ မြန်မာစာပေလောကအတွက် လှုပ်ရှားမှုအရှိခဲ့ဆုံး စာတမ်းများအဖြစ် ထင်ရှားခဲ့သည်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းတွင် စည်သူမောင်မောင်ကျော်၊ မန္တလေးသူရိယ ဦးခင်မောင်တို့မှအစ ရွှေဥဒေါင်း၊ မြမျိုးလွင်၊ ကျောက်စာဝန်ဦးမြ၊ စစ်ကိုင်းဦးဘိုးသင်း၊ ရွှေပြည်ဦးဘတင်၊ မြကေတု၊ ဦးဆန်းထွန်း၊ ရွှေကိုင်းသား၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ကြည်မြ၊ နှင်းဦး၊ ဒေါက်တာသန်းထွန်း၊ ပါမောက္ခဦးကျော်ရင်၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ မောင်သစ်လွင်(လူထု)၊ လူထုစိန်ဝင်း၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ သိန်းသန်းထွန်း၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊ ရဲဘော်နေအောင်.... စသည့် စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ခေတ်သစ် ရေအိုးစင်

သတင်း နှင့် ဓာတ်ပုံ -  CJM
မန္တလေးမြို့၊ ဧပြီ ၂၀


မန္တလေးမြို့က စားသောက်ဆိုင်တစ်ဆိုင်တွင် 20.4.2012 ညက တွေ့မြင်ခဲ့ရသည်။

လှော်ကားဘေးမဲ့တောအနီးက အုတ်ဖုတ်လုပ်ငန်းကို မီးဘေးကြောင့် အနီးအနား ရွာများမှ ပြောင်းရွှေ့စေလို

သတင်း နှင့် ဓာတ်ပုံ -  CJM
လှော်ကားမြို့၊ ဧပြီ ၂၂



လှော်ကားဘေးမဲ့တောအနီးက အုတ်ဖုတ်လုပ်ငန်းမှာ တွေ့ရတဲ့ ကလေးငယ်။ 
အနီးအနားက ရွာတွေက မီးဘေးကြောင့် သူတို့ကို ရွှေ့ခိုင်းနေတယ်လို့ ကြားရပါတယ်။ အုတ်ဖုတ်တဲ့မိသားစုတွေက ဧရာဝတီတိုင်းဘက်မှာ လုပ်ကိုင်စားသောက်ရတာ ခက်လို့ ဒီမှာ လာလုပ်ကြတာလို့ မိသားစုတစ်ခုက ပြောပါတယ်။ ဒီမှာ အုတ်ဖုတ်ရတာ စားဝတ်နေရေး အဆင်ပြေပေမယ့် ကလေးတွေ ကျောင်းထားနိုင်လောက်တဲ့ အဆင့်ထိ မရှိပါဘူးတဲ့။ တစ်မိသားစုလုံး ကလေး၊ လူကြီး လူစုံ အုတ်ဖုတ်တဲ့နေရာမှာ လုပ်နိုင်တာ ဝိုင်းလုပ်ပြီး အသက်မွေးကြပါတယ်။

မန္တလေး၊ ၈၄ လမ်း၊ မန်းမြို့ဈေးအနီးက ဓာတ်ဆီဆိုင် ယာဉ်အသွားအလာအတွက် အန္တရာယ်ရှိ

သတင်း နှင့် ဓာတ်ပုံ -  မာရီဂိုး
မန္တလေးမြို့၊ ဧပြီ ၂၀


မန္တလေးမြို့၊ ၈၄ လမ်းပေါ်၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် KZH အမည်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဆီဝယ်ယူရန် လာရောက်သည့် ဆိုင်ကယ်များကြောင့် (၈၄)လမ်းတစ်လျှောက် မောင်းနှင်သွားလာနေသော ယာဉ်များမှာ လမ်းကျဉ်းမြောင်းမှု အနေအထားအရ သတိထားရှောင်ကွင်းနေရသဖြင့် ၄င်းဓာတ်ဆီဆိုင်အား အဆိုပါနေရာ၌ မဖွင့်လှစ်စေသင့်ကြောင်း မြို့ခံများက သုံးသပ်ပြောဆိုသည်။   အဆိုပါနေရာ၌ မန်းမြို့ဈေးဝင်ပေါက်ရှိနေသဖြင့် ဈေးဝယ်သူများ စည်ကားရာနေရာဖြစ်နေခြင်း၊ ရွှေဆိုင်များလည်း လမ်းဘေးဝဲယာ ဖွင့်လှစ်ထားရာ လူအ၀င်အထွက် ရှုပ်ထွေးခြင်း၊ ၈၄ လမ်းမသည်ပင်လျှင် အမရပူရ၊ စစ်ကိုင်း၊ မြို့သစ်များသို့ ပြေးဆွဲနေသော လိုင်းကားမျိုးစုံ ဥဒဟိုသွားလာရာ ပင်မလမ်းမကြီးဖြစ်နေခြင်းတို့ကြောင့် ၄င်း ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှာ မြို့တွင်း ယာဉ်အသွားအလာနှင့် လူစည်ကားရာ လမ်းဘေး၌ ရှိရန် မသင့်လျော်ခြင်းဖြစ်ကြောင်း မန်းမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။   "ဓာတ်ဆီလာထည့်တဲ့ ဆိုင်ကယ်တွေက တစ်ခါတစ်ရံဆို အဲဒီဘက် ယာဉ်ကြောမှာ လမ်းပေါ်တစ်ဝက်လောက် ထွက်နေတယ်။ နဂိုကမှ လမ်းက ကျဉ်းကျဉ်းရယ်။ ၈၄ လမ်းဆိုတာ လိုင်းကားတွေ တောက်လျှောက်ပြေးနေတဲ့ လမ်း။ တချို့ လိုင်းကားတွေဆို ကားချင်း အပြိုင်အဆိုင် အရှိန်တင်မောင်းနေကြတာ။ ဆီထည့်ပြီး လမ်းဖြတ်ကူးလာတဲ့ ဆိုင်ကယ်တွေကို ကားတွေက ကြည့်ရှောင်နေရတယ်" ဟု အဆိုပါ လမ်းပေါ်ရှိ ဆိုင်တစ်ဆိုင်မှ ၀န်ထမ်းတစ်ဦးက ဆိုသည်။   အဆိုပါ ၈၄ လမ်းပေါ်၌ လမ်းလယ်ကျွန်းငယ်တစ်ခု ယခင်က ပိုင်းခြားထားဖူးပြီး လမ်းကျဉ်းမြောင်းမှုကြောင့် ဖျက်သိမ်းပြီးဖြစ်ရာ ယခုအခါ အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း ယာဉ်ကြောများအတိုင်း စည်းကမ်းတကျ မဟုတ်ဘဲ အဆင်ပြေသည့် ယာဉ်ကြောဘက်ခြမ်းအထိ ယူ၍ မောင်းနှင်နေကြပြီး အဓိက အကြောင်းရင်းခံတစ်ခုမှာ ဆီဆိုင်တွင် ဓာတ်ဆီထည့်နေသော ဆိုင်ကယ်များကြောင့်ဟု သိရသည်။ ဧပြီ (၇) ရက်၊ ည (၇း၀၀) နာရီဝန်းကျင်၌လည်း စစ်မန်းဧရာ ကားလိုင်းမှ ဒိုင်နာယာဉ် (၁က/၂၄၃၃)သည် ဓာတ်ဆီဆိုင်မှ ထွက်လာသည့် ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်ရင်း တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် (၃)ဦးနှင့် လမ်းသွားလမ်းလာ (၄)ဦး၊ စုစုပေါင်း (၇)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။   

သမီးတို့ တစ်ဝက်ပဲ ယူနော်

သတင်း နှင့် ဓာတ်ပုံ -  CJM-024
မန္တလေးမြို့၊ ဧပြီ ၂၂

"သမီးတို့ တစ်ဝက်ပဲ ယူနော်
... မန္တလေး မဟာသင်္ကြန် မြို့တော်ဝန် မဏ္ဍပ်မှာ ဖွင့်ပွဲနဲ့ ပိတ်ပွဲ လာရောက် ပါဝင်ကပြ ဖြေဖျော်ကြတဲ့ ကျောင်းသူလေးတွေကို မြို့တော်ဝန်ကြီးက တစ်ဦးလျှင် ဆုငွေ ၁၀,၀၀၀ ကျပ်စီ ချီးမြင့်တာမို့ ကျောင်းသူလေးတွေက ဝမ်းသာနေကြပါတယ်။
 ဒါပေမယ့် သူများပျော်လို့ မပျော်နိုင်သူကတော့ လမ်း ၈၀ က အမှတ် ၂၂ အထက က သင်္ကြန်မယ်လေးတွေပါ။ မြို့တော်ဝန်ကြီးက တစ်ဦးလျှင် ဆုငွေ ၁၀,၀၀၀ ကျပ်စီ ချီးမြင့်တယ်လို့ သိရပြီး ကျောင်းက ဆရာမတွေက ဆုငွေ ထုတ်ပေးရာမှာတော့ ဆုငွေ ၁၀,၀၀၀ လက်ခံ ရရှိပါသည်လို့ လက်မှတ် ထိုးခိုင်းပြီး တစ်ဦးကို ကျပ် ၅၀၀၀ စီသာပေးတယ်လို့ ဆိုပါတယ်။ 
ဒီတော့ မြင်သာမြင် မကျင်ရ၊ သမီးတို့မှာ တစ်ဝက်ပဲရကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

CJ Myanmar ရဲ့ တစ်ကွက် ကာတွန်းအစီအစဉ်

သတင်း နှင့် ဓာတ်ပုံ -  သူရ (စက်မှု)
ဧပြီ ၂၂



အထွေထွေ စရိတ်များ မြင့်တက်လာမှုကြောင့် လာမည့် ခရီးသွား ရာသီကို ထိခိုက်နိုင်

သတင်း နှင့် ဓာတ်ပုံ -  CJM
မုံရွာမြို့၊ ဧပြီ ၂၁



နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည် အ၀င်များခဲ့သော်လည်း ပြည်တွင်း ဟိုတယ်အခန်းခ ဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရကြောင်း ခရီးသွား အကျိုးဆောင်တစ်ဦးက CJ Myanmar သို့ပြောကြားသည်။

ဧပြီ ၁ ရက်နေ့မှစ၍ လေယာဉ်ဆီ ဈေးနှုန်းမြင့်တက် ခဲ့သောကြောင့် လာမည့် မေလ ၁ ရက်နေ့မှစတင်၍
ပြည်တွင်း လေကြောင်းလိုင်းများအနေဖြင့် လက်မှတ်ဈေးနှုန်းကို မြှင့်တင်ရောင်းချမည်ဖြစ်ရာ လာမည့် ခရီးသွား ရာသီကို ထိခိုက်စေနိုင်ကြောင်း အဆိုပါ အကျိုးဆောင်က ပြောကြားသည်။