CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Monday, August 6, 2012

CJ Myanmar သို့ ပေးပို့လာသော မန္တလေးသားတစ်ဦး၏ ရင်ဖွင့်ပေးစာ။

သတင်း နှင့် ဓာတ်ပုံ -  CJ-Myanmar
မန္တလေးမြို့၊ သြဂုတ်လ (၃)ရက်


”လူနေရပ်ကွက်အတွင်းမှ လမ်းသည် ဈေးရောင်းရန်နေရာမဟုတ်ပါ” ကျွန်တော့်အိမ်က ရတနာပုံဈေးနားမှာရှိပါတယ်။ အတိအကျပြောရင် မန္တလေးမြို့၊ ၃၄လမ်း ၇၆ x ၇၇ကြားမှာပါ။ အရင်က ကိုယ့်ရပ်ကွက်နဲ့ကိုယ် လမ်းမကျယ်ကြီးနဲ့ အေးအေးချမ်းချမ်းနေခဲ့ကြပါတယ်။ ပထမတော့ ဦးဖိုးသာဝင်းက ကုန်စိမ်းဈေးကို ဖျက်သိမ်းပါတယ်။ မေမြို့ကဆင်းလာတဲ့ ကုန်စိမ်းကားတွေ ဆိုက်စရာနေရာမရဖြစ်တော့ ၃၄လမ်း ၇၆ x ၇၇ကြားက ဘုန်းကြီးကျောင်းရှေ့မှာ ဘုန်းကြီးနဲ့ ညှိနှိုင်းပြီး ဈေးသည်တွေ ကုန်စိမ်းဝယ်ပြီး အဲသည်နေရာမှာပဲ ချရောင်းရာကနေ ကုန်စိမ်းဈေးတန်းကြီး ဖြစ်သွားပါတော့တယ်။ နောက်ပိုင်းမှာ ရှမ်းခေါက်ဆွဲဆိုင် ဘီယာဆိုင်တွေကအစ မှိုလိုပေါက်လာပြီး ရှမ်းဈေး (သို့) ယူနန်ဈေး ဆိုတဲ့နာမည်နဲ့ ညဈေးတန်းကြီးဖြစ်သွားပါလေရော။ ဈေးကောက်ကို ဘုန်းကြီးနဲ့ စည်ပင်ပေါင်းပြီး ကောက်ကြပါတယ်။ တစ်ခုပြောစရာရှိတာက စောစောက ဖျက်သိမ်းပါတယ်ဆိုတဲ့ ဦးဖိုးသာဝင်းဈေးဟာ အရင်လိုပဲ ပြန်ရောင်းနေလျှက်ပါပဲ။ ညဈေးတန်းသက်သက်က နေ့ခင်း ၂နာရီနောက်ပိုင်းကနေ ည၁၁နာရီအထိ ရောင်းပါတယ်။ သည့်နောက်ပိုင်းမှာ ရတနာပုံဈေးမီးလောင်တော့ အရင်ဈေးထဲက အသားသည် ငါးသည်တွေက အစ နေရာပေးစရာမရှိတော့ အထက်ပါ ကျွန်တော်တို့လမ်းထဲမှာပဲ စည်ပင်က အကွက်ရိုက်ပြီး နေရာချထားပေးပြန်ပါတယ်။ ထိုအခါ မနက်လေးနာရီလောက်မှစပြီး ဈေးခင်းလိုက်ကြတာ ညပိုင်း ၁၁-၁၂နာရီအထိ ရောင်းကြဝယ်ကြပါတော့တယ်။ မနက်ခင်းဈေးမှာရောင်းတဲ့ဈေးသည်ကလဲ နေ့လည်ရောက်တော့ ဆိုင်မသိမ်းတော့ပဲ ဟိုရွှေ့သလိုလို ဒီရွှေ့သလိုလိုနဲ့ ညဈေးပါ တဆက်တည်းရောင်းပါတော့တယ်။ ရတနာပုံဈေးကို အသစ်ပြန်ဆောက်ပြီး အောက်ထပ်မှာ ကုန်စိမ်းသည်၊ အသားငါးသည်တွေအတွက် နေရာပေးပါသော်လည်း ထိုဈေးကြီးထဲကို ဝင်မရောင်းကြတော့ပါ။ လူနေရပ်ကွက်ထဲက လမ်းပေါ်မှာပဲ ဆက်ရောင်းနေကြပါတော့တယ်။ စည်ပင်သာယာအနေနဲ့လဲ ဈေးကောက်ရနေရင်ပြီးရောဆိုပြီး ထိထိရောက်ရောက် စနစ်တကျဖြစ်အောင် ဆောင်ရွက်ခြင်းလဲ မရှိပါ။ ဈေးဝယ်များကလဲ မနက်ခင်းပိုင်းဆိုလမ်းထဲကိုဆိုင်ကယ်စီး ကားစီးဝင်ပြီး ကားပေါ်ကပင်မဆင်းပဲ ဈေးဆစ်ကြ ဝယ်ကြချမ်းကြနဲ့၊ ညနေပိုင်းဆို လေတဖြူးဖြူးနဲ့ ဈေးဝယ်ရင်း မုန့်စားရင်း ဟန်ကိုကျလို့ပါပဲ။ ဒါက ဈေးသည်ဈေးဝယ်တွေရဲ့ ကန်ဒပါ။ ရောင်းပန်း ဝယ်ပန်းတွေ လှနေကြပါတယ်။ ကျွန်တော်တို့ ရပ်ကွက်သူ ရပ်ကွက်သား အိမ်ရှင်များဘက်ကလည်း ကြည့်ပါဦး။ မနက်အိမ်က ကားထွက်ဖို့ ဆိုင်ကယ်ထွက်ဖို့ကို ကိုယ့်အိမ်ရှေ့ ပိတ်ရပ်ထားသော ပိုင်ရှင်ဘယ်ရောက်နေမှန်းမသိတဲ့ ဆိုင်ကယ် ကားများကို ရွှေ့ပြီး ထွက်ရပါတယ်။ အိမ်ကနေ လမ်းထိပ်ရောက်ဖို့ ဈေးထဲမှာ မထိမိ မခိုက်မိအောင် ၁၅မိနစ်ခန့်ကြာအောင် စိတ်ရှည်သည်းခံပြီး မောင်းထွက်ရပါတယ်။ မနက်တခါထွက်ပြီးရင် သည်ဈေးတန်းကို ပြန်ဖြတ်ပြီးဝင်ရမှာစိုးလို့ တခါတရံ အိမ်ကယာဉ်များကို လမ်းထိပ် တော်ရာမှာ ရပ်ပြီး အိမ်ကိုလမ်းလျှောက်ပြန်ရပါတယ်။ သာရေးနာရေးကတော့ လုံးဝမဖြစ်နိုင်တော့ပါ။ ရပ်ကွက်ထဲမှာ မင်္ဂလာဆောင် သုံးလေးပွဲခန့်မှာ ဈေးကြီးပိတ်နေလို့ အဆင်မပြေစွာ စိတ်အနှောက်အယှက်ဖြစ်စွာ ကျင်းပခဲ့ရပါတယ်။ နာရေးဆိုလဲ ရပ်ကွက်ထဲကို အသုဘကားတစ်စီးပဲ အလောင်းလာတင်ပြီး ကျန်အသုဘပို့ကားများက ဈေးလွတ်ရာ လမ်းထိပ်မှ တန်းစီစောင့်ဆိုင်းပြီး ပို့ရပါတယ်။ ထို့အပြင် ရပ်ကွက်ထဲတွင် ဘယ်ကလာမှန်း ဘယ်အရပ်ဇာတိမှန်းမသိရသော မြန်မာစကားကောင်းစွာမတတ်သည့် လူများ ညအချိန်မှာ ဈေးခုံများပေါ်တွင် အိပ်စက်နေသောကြောင့် လုံခြုံရေးမှာလည်း စိုးရိမ်ရပါတယ်။ အမှိုက်တွေကြောင့် မြောင်းများပိတ်ဆို့ ခြင်တွေ ပေါတာ၊ ဧရာမဈေးကြွက်ကြီးတွေ၊ ခွေးလေခွေးလွှင့်တွေ၊ အရူး၊ သူတောင်းစား စသည့် လူနေရပ်ကွက်နဲ့ မအပ်စပ်တဲ့ ကျမ်းမာရေး၊ လူမှုရေး ကိစ္စတွေရှုပ်ထွေးများပြားလာပါတယ်။ အရင်က အေးချမ်းစွာနေခဲ့ကြတဲ့ ရပ်ကွက်ဆိုတာ ဘယ်လိုမှပင် စိတ်ကူးပြန်ယဉ်လို့မရအောင် နေ့စဉ်နဲ့အမျှ ထောင်ချီနေတဲ့ဈေးဝယ်တွေ ကိုယ့်အိမ်ရှေ့မှာ ဖြတ်သန်းသွားလာနေတာ၊ ဈေးသည်တွေရဲ့ ဆဲဆိုရန်ဖြစ်သံတွေ၊ မိုးမလင်းခင်ကတည်းကနေ ညသန်းခေါင်အထိ ဆူညံပွက်လောရိုက်နေတာတွေကြောင့် ရပ်ကွက်တွင်းနေထိုင်သူတွေမှာ စိတ်ပူလောင်ဆင်းရဲနေရတာ နေ့စဉ်နဲ့အမျှပါ။ ဒါကြောင့်လဲ ကိုယ့်အိမ်ရှေ့မှာ သပ်သပ်ရပ်ရပ် ရှင်းလင်းအေးချမ်းစွာနေလိုတဲ့ ရပ်ကွက်ကအိမ်ရှင်တွေ စုပေါင်းပြီး စာတင်တာလဲ အကြိမ်ကြိမ်ရှိပါပြီ။ မန်းမြို့စည်ပင်သာယာကတော့ ယခုထက်ထိ ပြေလည်အောင်ဆောင်ရွက်ပေးခြင်း မရှိသေးပါ။ မူရင်းနေရပ်ကွက်သူရပ်ကွက်သား အိမ်ရှင်အချို့ဟာလဲ ဈေးဒဏ်မခံနိုင်လို့ ပြောင်းပြေးသူလဲ ပြေးကြပါပြီ။ ဒါဟာ ရပ်ကွက်တွင်းနေ အိမ်ရှင်များအားလုံးရဲ့ ဆန္ဒပါ။ ပြောချင်တာက ရောင်းပန်းဝယ်ပန်းလှချင်လို့ ဈေးရောင်းဈေးဝယ် အဆင်ပြေချင်လို့ ဆန္ဒဖော်ထုတ်ကြတာလဲ မငြင်းလိုပါဘူး။ ဒါပေမယ့် ရပ်ကွက်ထဲမှာ ဘိုးစဉ်ဘောင်ဆက်နေလာကြတဲ့ ရပ်ကွက်သူရပ်ကွက်သားများကိုလည်း စာနာစိတ်ကလေး ထားပေးကြစေချင်ပါတယ်။ ဈေးဆိုတာ စနစ်တကျ ဈေးနေရာသတ်မှတ်ထားတဲ့နေရာမှာပဲ ရှိဖို့သင့်ပါတယ်။ လူနေရပ်ကွက်ထဲက ကားလမ်းပေါ်ဟာ ဈေးရောင်းဖို့နေရာမဟုတ်ရပါ။ မြို့တော်သန့်ရှင်းသာယာဖို့ဆိုတာလဲ စည်းကမ်းနဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်မှပါ။ ဥပမာ ကျွန်တော်တို့ရပ်ကွက်က လုံးဝမလိုလားတဲ့ဈေးမို့ မြို့တော်စည်ပင်က သတ်မှတ်ထားတဲ့ ဈေးနေရာမှာပဲ (ရတနာပုံဈေးကြီးအောက်ထဲမှာ ကုန်စိမ်းဈေးရှိပြီးသားပါ) ရောင်းရမည်လို့ အမိန့်ထုတ်ခဲ့သည်ရှိသော်.. ဒီလိုပဲ ဈေးသူဈေးသားများ ဆန္ဒက မြေအောက်ထပ်မှာ မရောင်းလို၊ ကားလမ်းပေါ်မှာပဲ ပျံကျရောင်းချင်ပါတယ် ဘာညာ ဆန္ဒပြပွဲတွေ ဖြစ်လာသည်ရှိသော် ဒီမိုကရေစီနည်းအရ လမ်းပေါ်က ဈေးသည်များဟာ ရပ်ကွက်သူရပ်ကွက်သားများထက် လူဦးရေပိုများနေတာကြောင့် အများဆန္ဒနဲ့အညီ ဒီမိုကရေစီနည်းအရ ကျွန်တော်တို့ အိမ်ရှေ့မှာ စည်ပင်ကို ဈေးကောက်ပေးရင်း ဆက်လက်ရောင်းချခွင့် ပြုမယ်ဆိုရင် တရားပါဦးမလား တွေးမိပါတယ်။ (အေးချမ်းစွာနေလိုသော ရပ်ကွက်သားတစ်ဦး)

No comments:

Post a Comment