(Sunday, 10 June 2012)
အခုကျွန်တော်တို့ စိုးရိမ်တာကတော့ ကျွန်တော်တို့
နိုင်ငံသားအချင်းချင်း အဓိကရုဏ်းတွေနဲ့ သွေးချောင်းစီးအောင် လှုံဆော်မယ့်
ပယောဂတွေကို ကာကွယ်ရမယ်ဆိုတာ အရေးကြီးဆုံး အချက်ပါ။
အဲဒါကြောင့် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ အဓိကရုဏ်းလို့ ဘယ်သူကမှ သတင်းခေါင်းစဉ် မတပ်ကြစေလိုဘူး။
အထူးသဖြင့် (ကျွန်တော်တို့) သတင်းမီဒီယာတွေရဲ့ ထိန်းကျောင်းပေးမှုက အင်မတန်အရေးကြီးတဲ့ အချိန်ရောက်နေပါပြီ။ ကျွန်တော်တို့ ဒီ အင်တာနက်လို နေရာမျိုးမှာလည်း Facebook တွေမှာ ခံစားချက်ကို ဦးစားပေးပြီး ရေးကြတာမျိုး၊ ကိုယ့်မျက်နှာ မမြင်ရတိုင်း မြှောက်ပေးတာမျိုးတွေလည်း ကျွန်တော်တို့ တွေ့ရတယ်။ ဒါတွေက မပြောမဖြစ် ထုတ်ပြောရမယ့် ကိစ္စတွေ ဖြစ်နေလို့။ ဥာဏ်အမျှော်အမြင်ကြီးကြီးနဲ့ ထိန်းကြပါ။ ဘာကြောင့်လဲဆိုတော့ တစ်နေရာမှာ ဗုဒ္ဓဘာသာတွေ အင်အားစုတွေ များချင်များပေမဲ့ နောက်တစ်နေရာမှာတော့ မွတ်စလင်တွေကြားထဲမှာ နေရတဲ့ ဗုဒ္ဓဘာသာတွေ မြန်မာတွေရှိနေတာ အများကြီး ရှိပါတယ်။
အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် အင်အားရှိတဲ့သူက အင်အားများတဲ့သူက အင်အားနည်းတဲ့သူကို အနိမ့်ဆုံး ခြိမ်းခြောက်တာမျိုးတောင် မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ဟာ အပြန်အလှန်စောင့်ရှောက်ရမယ့် အချိန်ကို ရောက်နေပါပြီ။ အဲဒါကြောင့် တစ်နေရာရာမှာ အင်အားနည်းနေတဲ့ လူမျိုး၊ အင်အားနည်းနေတဲ့ ဘာသာဝင်တွေကို ကျန်တဲ့ဘာသာလူမျိုးတွေက စောင့်ရှောက်ကြရမယ့်၊ သဘောထားကြီးကြရမယ့် အချိန်ရောက်နေပြီ။
မစောင့်ရှောက်တဲ့အပြင် ခုနကလို ခြိမ်းခြောက်ရုံမက အသက်အိုးအိမ်စည်းစိမ်တွေကိုပါ ဖျက်ဆီးတဲ့အပြုအမူမျိုး ဖြစ်လာပြီဆိုရင်တော့ ဘယ်သူ့မျက်နှာမှ မထောက်ပါနဲ့။ အားလုံးဝိုင်းပြီးတော့ ကာကွယ်ကြရပါလိမ့်မယ်။ အဲဒီအခါမှာ သက်ဆိုင်ရာတွေကလည်း တိတိကျကျ တားဆီးတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကျွန်တော်တို့နဲ့ အနီးစပ်ဆုံးနေရာတွေမှာ စပြီးတော့ ဒါတွေကို ကာကွယ်တားဆီးဖို့ စ ကြိုးစားပါပြီ။ တစ်ပြည်လုံးမှာလည်း အသိတရားရှိရှိနဲ့ အားလုံး လက်တွဲညီညီနဲ့ ကာကွယ်ကြပါ။
ကိုမင်းကိုနိုင်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦး
(http://youtu.be/M7clv--Ufh8
အင်တာနက်လိပ်စာတွင်လွှင့်တင်ထားသော
"88 Students comments on current affairs - DVB 08.06.2012"
ဗီဒီယိုမှ ကိုမင်းကိုနိုင်၏ ပြောစကားများအား စာသားအသွင်ပြောင်း၍ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

No comments:
Post a Comment