(Monday, June 25, 2012 )
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ဥသျှစ်ကုန်းရွာတွင်
သောက်သုံးရေရှားပါးလျှက် ရှိနေသဖြင့် ကျေးရွာနေ ပြည်သူများ ရေရှားပါးမှု
ဒုက္ခကြုံတွေ နေကြရကြောင်း သိရသည်။
ဥသျှစ်ကုန်းရွာသည် အင်းတော်မြို့နယ်နှင့် မိုင် ၂၀ ခန့် ဝေးကွာပြီး လျှပ်စစ်မီး မရရှိသည့် ဒေသဖြစ်ကာ သောက်သုံးရေ အတွက် ရေတွင်း၊ တုံကင်တွင်းများလည်း တူးဖော်မရနိုင်သောကြောင့် ရွာအနီးမှ ချောင်းငယ်တစ်ခုကို အားကိုးနေရကာ ထိုချောင်းငယ်မှာလည်း နွေရာသီတွင် ရေအလွန်နည်းသဖြင့် ချောင်းကောမှ မသန့်ရှင်းသည့်ရေကို ကျေးရွာလူထုမှ အားထား သုံးစွဲနေကြရသည်။
ထိုအခြေအနေကြောင့် နိုင်ငံတော်မှ စက်ရေတွင်းတူဖော်ရန်အတွက် ၂၀၀၃ ခုနှစ်တွင် ချမှတ်ပေးခဲ့ရာ စက်ရေတွင်းကို အင်းတော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၃.၁၂.၂၀၀၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁.၁.၂၀၀၄တွင် ပြီးစီးခဲ့သည်ဟုသိရပြီး ထိုစက်ရေတွင်းကို (၂"x၂")တွင်း၊ ရေထွက်နှုန်း တစ်နာရီ ဂါလံကိုးရာဟု ဖော်ပြခဲ့သော်လည်း ရေကို စုပ်ယူနိုင်ရန်အတွက် အင်ဂျင်ကိုမူ တပ်ဆင်ပေးနိုင်ခဲ့ခြင်း မရှိသဖြင့် ကျေးရွာလူထု ယနေ့တိုင် သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ကျေးရွာမှ ထိန်းသိမ်းစောင့်ရှောက် ထားသည့် ထိုစက်ရေတွင်းလေးကို ကျေးရွာပြည်သူများ အသုံးပြုနိုင်စေရန် လိုအပ်လျှက်ရှိသည့် ရေတင်အင်ဂျင်မော်တာ စက်တစ်လုံးကို နိုင်ငံတော်မှ တပ်ဆင်ပေးနိုင်ပါရန် မျှော်လင့်လျှက်ရှိကြောင်း CJMyanmar မှ သတင်းရရှိသည်။
သတင်းနှင့်ဓါတ်ပုံ : မာန်ဟုန်ငယ် (မော်လူး)

No comments:
Post a Comment